Wednesday, 23 May 2018 11:13

STOPPING COCONUT EXPORT

ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ရပ်ဆိုင်းနေ

ပြည်တွင်းအုန်းသီးဈေး မြင့်မားနေတာကြောင့် ထိုင်းနိုင်ငံကို အုန်းသီး တင်ပို့ရောင်းချမှု ရပ်ဆိုင်းနေကြောင်း အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။ လက်ရှိမှာ ပြည်တွင်း၌ အုန်းသီးတစ်လုံး ပေါက်ဈေး ကျပ် ၆ ရာခန့် ရှိနေပြီး ထိုင်းနိုင်ငံတွင် ကျပ် ၄ ရာခန့်ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာက အုန်းသီးရှားတဲ့အချိန်ရောက်လာတော့ ဈေးတွေတက်လာတယ်။ ပြီးတော့ ထိုင်းနိုင်ငံကို တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်က အုန်းသီးတွေ ဈေးနှုန်းချိုချိုနဲ့ဝင်နေတယ်။ အဲဒါကြောင့် အုန်းသီးတင်ပို့ ရောင်းချတာမရှိတော့ဘူး” လို့ ဦးမျိုးဝင်းက ပြောပါတယ်။

ထိုင်းနိုင်ငံကို အုန်းသီးတင်ပို့ရောင်းချမှု ရပ်ဆိုင်းခဲ့တာက ၃ လခန့်ကြာမြင့်ပြီဖြစ်ပြီး ပြည်တွင်းမှာ အုန်းသီးပေါများစွာ ထွက်ရှိလာပါက ဈေးနှုန်းကျဆင်းလာကာ ပြန်လည်တင်ပို့ရောင်းချလာနိုင်ကြောင်း ၎င်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လကနေ ဖေဖော်ဝါရီလအတွင်း အုန်းသီးလှိုင်လှိုင်ထွက်ရှိပြီး ဖေဖော်ဝါရီလကုန်မှ မေလကုန်အထိ အုန်းသီးအထွက် လျော့နည်းကြောင်း၊ လက်ရှိမှာ အုန်းသီးရှားပါးမှုကြောင့် ပြည်တွင်း ဈေးကွက်ထဲတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်နိုင်ကြောင်း ဦးမျိုးဝင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ အုန်းသီး စိုက်ပျိုးသူတွေက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးမှု၊ အုန်းပင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းကြောင်း အသင်းအထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းဟန်က ပြောပါတယ်။ ဒါ့ကြောင့် မျိုးကောင်းမျိုးသန့်အုန်းသီးမျိုးတွေ စိုက်ပျိုးနိုင်ဖို့ အုန်းသီးအစုအဖွဲ့က တောင်သူတွေကို စည်းရုံးပညာပေးမှုတွေ လုပ်ဆောင်နေကြောင်း ဦးမျိုးဝင်းက ပြောပါတယ်။

၂၀၀၈ ခုနှစ်မတိုင်ခင်က ပြည်တွင်း အုန်းသီးထွက်ရှိမှု အရေအတွက် သိန်း ၆ ထောင်ကျော် ရှိပေမယ့်လည်း နာဂစ်မုန်တိုင်းအပြီး အုန်းသီးထွက်ရှိမှု အရေအတွက် သိန်း ၄ ထောင်ကျော်သာ ရှိတော့ကြောင်း အုန်းသီး အစုအဖွဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အုန်းသီး စိုက်ဧက ၁ သိန်း ၃ သောင်း ကျော်ရှိပြီး ဆွတ်ခူးနိုင်ပြီဖြစ်တဲ့ စိုက်ဧကက တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

စိုက်ပျိုးတဲ့ အုန်းသီးအမျိုးအစား၊ ပြုပြင်ထိန်းသိမ်းမှုပေါ် မူတည်ပြီး စိုက်ဧကတစ်ဧကလျှင် အုန်းသီးအလုံးရေ ၁ ထောင်ကျော်မှ ၅ ထောင်ကျော်အထိ ထွက်ရှိပြီး ထွက်ရှိမှုအများဆုံးဒေသက ဧရာဝတီတိုင်းဒေသကြီးဖြစ်ကာ အနည်းဆုံးဒေသက ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ကြောင်း အဆိုပါစာရင်းမှာ ဖော်ပထားပါတယ်။

Source: 7 Day Daily

Read 748 times
Rate this item
(0 votes)