Tuesday, 16 January 2018 08:40

YARA INTERNATIONAL ASA

ယာရာ မြေသြဇာကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ရန် မျှော်လင့်လျက်ရှိ

ကမ္ဘာ့ထိပ်တန်း Yara International ASA မြေသြဇာကုမ္ပဏီက မြန်မာနိုင်ငံရဲ့ GDP မြင့်မားလာစေရေးကို ဦးတည်ပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာနိုင်စေဖို့ မျှော်လင့်လျက်ရှိနေတယ်လို့ ဇန်န၀ါရီလ ၁၅ ရက်နေ့၊ Sule Shangrila Grand Ballroom မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယာရာကုမ္ပဏီဟာ သီးနှံအာဟာရဖြည့်နည်းပညာ ကုမ္ပဏီတွေထဲက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိနေတဲ့အပြင် နိုင်ငံပေါင်း ၁၆၀ ကို ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။

 “မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးရဲ့ အခန်းကဏ္ဍဟာ အခွင့်အလမ်းကောင်းတွေကို ကိုယ်စားပြုပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံ GDP ရဲ့ သုံးပုံတစ်ပုံ၊ အလုပ်သမားဦးရေရဲ့ ထက်ဝက်ခန့်နဲ့ ပို့ကုန်ပစ္စည်းတွေရဲ့ ငါးပုံတစ်ပုံ ဖြစ်ပါတယ်။ ဒီကဏ္ဍရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံ စီးပွားရေးစနစ် တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပါတယ်” လို့ ယာရာရဲ့ President  & CEO ဖြစ်သူ Svein Tore Holsether ကပြောပါတယ်။

“ကျွန်တော်တို့အတွက် မြန်မာနိုင်ငံဟာ အလားအလာရှိတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယာရာရဲ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေအတိုင်း မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ဘ၀တွေ တိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး ယာရာက ဒီနိုင်ငံဈေးကွက်မှာ ရင်းနှီးမြုပ်နှံလိုက်ခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးတောင်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ တာဝန်ရှိသူတွေနဲ့ အမြဲတမ်း ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးရေးကဏ္ဍမှာ ကြီးမားတဲ့ အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ Holsether က ဆက်ပြောပါတယ်။

“ကျွန်တော်တို့က စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်းတစ်ခုနဲ့ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ မနှစ်ကဆိုရင် အာရှမှာရှိတဲ့ စိုက်ပျိုးတောင်သူဦးရေ ၂၅၀,၀၀၀ နဲ့ တွေ့ဆုံခဲ့ပါကြောင်း သိရပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အလေးပေး ဆောင်ရွက်မှုတွေကတော့ ယာရာရဲ့ လက်တွေ့ကွင်းဆင်း စိုက်ပျိုးရေးပညာရှင်တွေက စိုက်ပျိုးတောင်သူတွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမှာလဲ ဆိုတာရယ်၊ မြေဆီလွှာ အခြေအနေတွေကို အသေးစိတ် စူးစမ်းလေ့လာဖို့ရယ်နဲ့ သီးနှံတစ်ခုချင်းစီအတွက် သင့်တော်မှုအရှိဆုံး မြေသြဇာကို ထောက်ပံ့ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ယာရာရဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းတစ်လျောက် ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် မြေသြဇာတွေဟာ သီးနှံအထွက်နှုန်း၊ အရည်အသွေးနဲ့ စိုက်ပျိုးတောင်သူတွေရဲ့ ၀င်ငွေကို တိုးတက်လာစေနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ” လို့ ယာရာရဲ့ Executive Vice President, Crop Nutrition ဖြစ်သူ Terje Knutsen ကလည်း ပြောခဲ့ပါတယ်။

“ယာရာမြန်မာကနေ အရည်အသွေးမြင့် ထုတ်ကုန်တွေအပြင် လိုအပ်တဲ့ ကိရိယာတွေ၊ ၀န်ဆောင်မှုတွေနဲ့ ဗဟုသုတ မျှဝေပေးမယ့် အစီအစဉ်တွေကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ယာရာလို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခုရဲ့ စိုက်ပျိုးရေး အသိပညာ၊ ဗဟုသုတ ဘဏ်တိုက်ကြီးကနေ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးတောင်သူတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု ဒေသခံဝန်ထမ်းတွေကို အရည်အချင်း ပြည့်မီအောင် သင်ကြားပို့ချနေပြီး စိုက်ပျိုးတောင်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ စက်ဝန်းကြီးမှာ အကျိုးအမြတ်တွေကို အားလုံးမျှဝေရရှိနိုင်အောင် ဖန်တီးပေးနိုင်ဖို့က ကျွန်တော်တို့ လုပ်ငန်းနည်းဗျုဟာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်” လို့ ယာရာမြန်မာရဲ့ Country Manager ဖြစ်သူ Havar Valved က ပြောကြားခဲ့ပါတယ်။

ယာရာဟာ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ပင်ကိုယ်စွမ်းရည်ရှိသူတွေအတွက် အသက်မွေး ၀မ်းကြောင်း အလုပ်အကိုင်တွေကို မိတ်ဆက်ပေးတဲ့ ပထမဦးဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ယာရာကုမ္ပဏီမှာရှိတဲ့ စိုက်ပျိုးရေးပညာရှင်တွေအားလုံး စိုက်ပျိုးရေးပညာ ကျွမ်းကျင်မှု မွမ်းမံသင်တန်းတစ်ခုကို မဖြစ်မနေ တက်ရောက်ရမှာဖြစ်ပြီး အဲဒိသင်တန်းကနေ ဒေသခံသီးနှံအာဟာရ အကြံပေးပညာရှင်တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးတောင်သူဗဟိုပြု ချဉ်းကပ်နည်းလမ်း လုပ်ဆောင်ရာမှာတော့ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာစေဖို့အတွက်နဲ့ အမြတ်အစွန်း ပိုမိုရရှိလာစေဖိုကအတွက် ရည်ရွယ်ပြီး ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူတွေအတွက် စာတွေ့၊ လက်တွေ့ သရုပ်ပြ သင်ကြားပေးခြင်း၊ ကွင်းဆင်းလေ့လာကာ အသိပညာ၊ ဗဟုသုတများ ဝေမျှပေးခြင်းတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝင်းဝင်းထွေး

Read 2242 times Last modified on Tuesday, 16 January 2018 08:44
Rate this item
(1 Vote)