Monday, 15 January 2018 09:24

HEN FARMING

ရှမ်းရိုးမ မွေးမြူရေးဇုန်တွင် ကြက်ကောင်ရေ ရှစ်သိန်းခန့် မွေးမြူကာ ကြက်ဥ၊ ကြက်သားများ ဖြန့်ဖြူးနေ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ ရှမ်းရိုးမ မွေးမြူရေးဇုန်မှာ ကြက်ကောင်ရေ ရှစ်သိန်းခန့် မွေးမြူထားပြီး နေ့စဉ် ကြက်ဥလုံးရေ လေးသိန်းခွဲခန့်ကို အခြားဒေသတွေဆီ ဖြန့်ဖြူးပေးနေတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနကနေ သိရပါတယ်။

''မွေးမြူရေးဇုန်အတွင်းမှာ မျိုးကြက်တွေ မွေးမြူထားသလို အသားစားကြက်တွေလည်း မွေးမြူထားလို့ ဒေသတွင်းစားသုံးမှု ဖူလုံစေတဲ့အပြင် တခြားဒေသအထိပါ ပို့လာနိုင်တယ်။ မွေးမြူရေးဖွံ့ဖြိုးဖို့ SME ချေးငွေ စီစဉ်ဆောင်ရွက်ပေးဖို့နဲ့ ဇုန်ရေရှည်ဖွံ့ဖြိုးဖို့ လိုအပ်သလို ပံ့ပိုးပေးဖို့ လိုပါတယ်'' လို့ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းက ပြောပါတယ်။

ဒီမွေးမြူရေးခြံကိုတော့ မြေဧက ၄၂၉.၆၇ ဧက ပေါ်မှာ ကြက်ခြံပေါင်း ၂ဝ၈ ခြံ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဥစားကြက်တွေကို အဓိက မွေးမြူထားပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကြက်ခြံတွေဆီကလည်း တစ်ရက်ကို ကြက်ဥအလုံးရေ ၁၅ သိန်းဝန်းကျင် ထုတ်လုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

''ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အများစုက စုပေါင်းခြံတွေနဲ့ ဇုန်အလိုက် တည်ထောင်ပြီးတော့ မွေးမြူချင်ကြတယ်။ ဒီဇုန်မှာလည်း လုပ်ငန်းရှင် တော်တော်များများ ပါဝင်တော့ အစိုးရရဲ့ ပံ့ပိုးမှု အားကလည်းကောင်းတော့ အဆင်ပြေတယ်။ နောက်ထပ် လုပ်ငန်းရှင်အများစု စုပေါင်းပြီးတော့ တောင်ကြီးဘက်မှာ မွေးမြူရေးဇုန်တစ်ခု ဖြစ်လာဖို့ စီစဉ်နေတာရှိတယ်။ အခုတော့ မြေနေရာရယ်၊ ပါဝင်မယ့် လုပ်ငန်းရှင်ရယ်၊ ငွေကြေးကုန်ကျစရိတ်တွေကို တွက်ချက်စီစဉ်နေတယ်။ ပြီးရင် ပြည်နယ်အစိုးရဆီကို တင်ပြမယ်။ သူတို့ဘက်က ပံ့ပိုးမှုကလည်း လိုအပ်တယ်လေ'' လို့ တောင်ကြီးမြို့ရှိ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးစိုင်းဝဏ္ဏထွန်းက ပြောပါတယ်။

ကြက်မွေးမြူရေးဇုန်ထဲမှာတော့ ပြင်ပလုပ်သား ၁၈ဝ ကျော်ကို အလုပ်အကိုင်တွေ ဖန်တီးပေးထားပြီး မွေးမြူရေးခြံတွေအတွက် လိုအပ်တဲ့ လျှပ်စစ်မီး၊ အခြေခံအဆောက်အဦ၊ နည်းပညာဖလှယ်စနစ် အပါအဝင် ရောဂါများကျရောက်လာပါက ကာကွယ်မှုတွေ ပြုလုပ်နိုင်စေဖို့် ဆေးကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မွေးမြူရေးနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေ၊ ဟောပြောပွဲတွေကို ကော်မတီဖွဲ့စည်းထားပြီး  ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Source: Myanmaalinn

Read 3710 times
Rate this item
(0 votes)