Thursday, 09 February 2017 03:58

ဟားခါးမြို့ 

ဟားခါး(ချင်းပြည်နယ်) ဟားခါး(ချင်းပြည်နယ်) c1.staticflickr.com

                 ဟားခါးမြို့သည် ချင်းပြည်နယ်တွင် အကြီးဆုံးမြို့နှင့် ပြည်နယ်၏ မြို့တော်လည်းဖြစ်သည်။ ဟားခါးမြို့ကို အေဒီ ၁၄၀၀ တွင် လိုင်လူမျိုးနွယ်စုမှ စတင်ကာ ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ နယ်မြေအား ဒေသခံအကြီးအကဲများမှ ဘိုးစဉ်ဘောင်ဆက်အုပ်ချုပ်ခဲ့သော်လည်း ၁၈၈၉ခုနှစ် ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက်ပိုင်းတွင် လူနေအိမ်ခြေပေါင်း ၆၀၀ ကျော်ခန့်ရှိသည်ဟု ခန့်မှန်းရပါသည်။ 

                   စီးပွားရေးလုပ်ငန်းများအနေဖြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်ကြပြီး ကော်ဖီနှင့် လက်ဖက်လည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။လမ်းပမ်းဆက်သွယ်ရေးအနည်းငယ် ခက်ခဲသော ပြည်နယ်တစ်ခုဖြစ်ခြင်း၊ တောတောင်ရေမြေသဘာဝ ပေါများခြင်းတို့ကြောင့်  အချို့ရွာမှ ရွာသားများ အားလုံးနီးပါး သည် တောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းအပြင် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးခြင်း လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ကြလေသည်။ အိမ်တိုင်း အိမ်တိုင်း တောပစ်ရန်  တူမီးသေနပ်ကိုယ်စီ ကိုယ်စီ ထားရှိကြသည်ကို တွေ့ရသည်။ 

                    ချင်းပြည်နယ်၏ အဓိက ထွက်ကုန်များမှာ ချင်းပန်းသီး၊     ထင်းရှူးဆီနှင့်  နွားနောက်သားတို့ဖြစ်သည်။  ထို့ပြင်နွားနောက်သားသည် အဓိက  ဝင်ငွေရစေသော လုပ်ငန်းတစ်ခုလိုပင်ဖြစ်နေသည်။ သို့သော် ယခုအခါ တနေ့တခြား တောများပြုန်းတီးလာခြင်းနှင့်အတူ တောကောင်များလည်း ရှားပါးသွားသည့်အတွက် ရွာသားများ ၏ အသက်မွေးဝမ်းကျောင်းမှုသည် ယခင်ကထက် ပိုပြီး ခက်ခဲလာကြပါသည်ကို တွေ့ရှိရပါသည်။

                  ချင်းပြည်နယ်အစိုးရအဖွဲ့သည်  ဒေသတွင်း စီးပွားရေးနယ်ပယ်မှ အဓိက ဧရိယာ ၃ ခု တိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်နေပြီး ယင်းတို့မှာ အိန္ဒိယနှင့် ကုန်သွယ်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းတို့ဖြစ်သည်။ ပြည်နယ်အစိုးရအနေဖြင့် လက်ကား ကုန်သွယ်မှုဆိုင်ရာစင်တာများဖွင့်လှစ်ခြင်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင် အထောက်အပံ့များ ဖြစ်စေနိုင်ရန်အတွက် လျှပ်စစ်မီးရရှိအောင်ပြုလုပ် ဆောင်ပေးမည်ဟု သိရသည်။

                မန္တလေး-စစ်ကိုင်း-မုံရွာ-ဂန့်ဂေါ-ဟားခါး ကားလမ်းကို အဆင့်မြှင့်လျှက်ရှိသည်။ ချိခါး-ပလက်ဝ  အမြန်လမ်းမသည်     တောင်ဘက်နှင့်     မြောက်ဘက် ချင်းပြည်နယ်ကို ဖြတ်၍ တည်ဆောက်မည့် ပထမဆုံး လမ်းမကြီး ဖြစ်လာမည်ဖြစ်ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်လည်း ချိတ်ဆက် ပေးမည်ဖြစ်သည်။ မြို့ပတ်လည်ဝန်းကျင်များသည် တောင်တန်းများနှင့်ဝန်းရံထားသည့်အတွက် မြို့၏အလှကို Viewpoint နေရာများမှ ခံစားကြည့်ရှုနိုင်ပါသည်။

Read 1678 times Last modified on Monday, 15 January 2018 06:56
Rate this item
(0 votes)