အမေရိကန်ဒေါ်လာ သန်း(၈၀၀)ခန့် ကုန်ကျမည့် ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းအပိုင်း(၁)

Thursday, 19 November 2020 10:37

ရန်ကုန်မိုးပျံ အမြန်လမ်း   စီမံကိန်းအပိုင်း (၁) အတွက် အမေရိကန်ဒေါ်လာ သန်း(၈၀၀)ခန့် ကုန်ကျမည် ဖြစ်ပြီး စီမံကိန်း၏ Preferred Bidder ကို မကြာခင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၊ Preferred Bidderကို  ကြေညာနိုင်ရန်အတွက်  ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို နို၀င်ဘာ(၁၈)ရက်နေ့ ညနေ(၃) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

ယင်းအစည်းအဝေးတွင်  ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း၊ စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု ဖြေလျော့စေရန်နှင့် အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၇ ဒသမ ၅) ကီလိုမီတာ အရှည်ရှိ ရန်ကုန်မိုးပျံ အမြန်လမ်းအပိုင်း(၁)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပူးပေါင်းကာ Public Private Partnership  (PPP) စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  စီမံကိန်းအပိုင်း (၁) အတွက် အမေရိကန်ဒေါ်လာ သန်း(၈၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါစီမံကိန်းအတွက် တင်ဒါလုပ်ငန်းစဥ်များ စိတ်ဝင်စားမှု အဆိုပြုလွှာများကို (၂၀၁၈) ခုနှစ် မေလတွင် စတင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ(၅၅ ) ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။လျှောက်လွှာတင်သွင်းခဲ့သည့် ကုမ္ပဏီ များထဲတွင် Consortium နှင့်ကုမ္ပဏီအဖွဲ့ (၁၂)ဖွဲ့ မှလည်း လာရောက်လျှောက်ထားကြသည်။

အကြိုအရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ (၁၀ )ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများ၏ Technical and Financial Proposal အချက်အလက်များကို (IFC)အဖွဲ့မှ အသေးစိတ်စစ်ဆေးခြင်း (Evaluation) လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာ များကို တင်ပြခဲ့ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းအဆင့်(၁) အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွား လမ်းမကြီး (၁၉) ကီလိုမီတာ ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား (၆) ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား (၂.၅) ကီလိုမီတာ ရှိပြီး စုစုပေါင်းအားဖြင့်  (၂၇.၅) ကီလိုမီတာ ခန့်ရှည်လျားသည် ဖြစ်သည်။

ရန်ကုန်မြို့၏ မိုးပျံအမြန်လမ်းကို (၂၀၂၅) ခုနှစ်၊ မေလတွင် စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားလျက်ရှိပြီး မြန်မာ နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု  ပမာဏကြီးမားသည့် ပထမဆုံး (PPP) စီမံကိန်း ဖြစ်ပေသည်။ 

By-Aye Myat

Source:The Mirror Daily

ယာယီပိတ်ထားသည့် မန္တလေး စျေးချိုအား နို၀င်ဘာလအတွင်းတွင် ခေတ္တဖွင့်မည်

Tuesday, 17 November 2020 11:23

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း  ယာယီပိတ်ထားသည့် မန္တလေး စျေးချိုအတွင်းရှိ  ဈေးဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ဈေးရုံအတွင်းရှိ ပစ္စည်းများကို နိုဝင်ဘာ (၁၉) နှင့် (၂၀)ရက်နေ့အတွင်းတွင်  ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရန်အတွက်  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ပေးမည် ဖြစ်သည်။

မကြာခင် ရောက်ရှိလာမည့် တန်ဆောင်တိုင်ပွဲတော်အတွက် စျေးချိုရှိ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် မိမိတို့၏ နေအိမ်များတွင် ကုန်ပစ္စည်းများ ရောင်းချရာ၌ လက်ကျန်ပစ္စည်း မပြတ်စေရန် သတ်မှတ်ထားသည့် ရက်များအတွင်း လာရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် Covid-19  ကူးစက်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ဆိုင်ခန်းပိုင်ရှင်များမှ နိုဝင်ဘာ(၁၉)မှ(၂၀)ရက်နေ့၊ မနက်(၈) နာရီမှ (၁၂) နာရီအတွင်းတွင်  လာရောက်ထုတ်ယူရမည်ဖြစ်သည်။ 

ထိုသို့ ကုန်ပစ္စည်းများကို ထုတ်ယူနိင်ရန်အတွက်  စျေးအကျိုးတော်ဆောင်များနှင့် မြို့တော်စည်ပင် ဈေးဌာန တာဝန်ရှိသူများမှ ဆောင်ရွက်ပေးမည် ဖြစ်ပြီး နိုဝင်ဘာ(၁၉) ရက်နေ့တွင်  A, C, E, G ရုံများနှင့် မြောက်ဘက် တိုက်တန်းကြီး စျေးရုံတို့တွင် ကုန်ပစ္စည်းများ ထုတ်ယူနိုင်မည် ဖြစ်သည်။

နို၀င်ဘာ (၂၀) ရက်နေ့တွင်မူ  B, D, F, H ဈေးရုံများ၊ စက်လှေကားပတ်လည်ရှိ ဆိုင်များနှင့် တောင်ဘက် တိုက်တန်းကြီးရှိ ဆိုင်ခန်းများရှိ ကုန်ပစ္စည်းများကို  ထုတ်ယူနိုင်မည် ဖြစ်သည်။

ဈေးချိုရှိ စျေးရုံများကို စက်တင်ဘာလ (၁၃) ရက်မှစ၍ ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် သီတင်းကျွတ်ကာလအတွက် အောက်တိုဘာ (၂၁) ရက်နေ့နှင့် အောက်တိုဘာ  (၂၂) ရက်နေ့တွင် ခေတ္တပြန်လည်ဖွင့်ခဲ့သည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် တန်ဆောင်တိုင်ကာလအတွက် ခေတ္တပြန်လည်ဖွင့်လှစ်မည် ဖြစ်ပေသည်။

>>>မန္တလေး စျေးချိုအတွင်း၌ ရှိသည့် ဆိုင်ခန်းပိုင်ရှင်များအား ကုန်ပစ္စည်းများ လာရောက် ထုတ်ယူခွင့်ပြု

https://bit.ly/35ErrZg

By-Aye Myat

Ref:mdn.gov   

တရုတ်နိုင်ငံသို့ တင်ပို့သည့် ဖရဲစျေးနှုန်းသည် စံချိန်တင်မြင့်တက်လျက်ရှိ

Tuesday, 17 November 2020 08:41

ပြည်တွင်းရှိ ဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့မှုနည်းနေချိန်တွင် တရုတ်နိုင်ငံသို့ အသီးကား၀င်နိုင်မှု ရောက်နိုင်မှုနည်းပါးလာသည့်အတွက် တရုတ်ကုန်သည်များမှ အလုအယက် ၀ယ်ယူမှု များပြားလာသည့်အတွက် စျေးနှုန်းများ ဆက်လက်မြင့်တက်လာကာ ဖရဲတစ်တန်လျှင်  ယွမ် (၆၀၀၀) အထိ  အမြင့်ဆုံးဈေးသို့ စံချိန်တင် ရောက်ရှိလာသည်။

နို၀င်ဘာ (၇) ရက်နေ့တွင် မြန်မာ့ဖရဲတင်ပို့မှု စျေးကွက်၌ ဖရဲတစ်တန်လျှင် အမြင့်ဆုံးစျေးနှုန်းသည်  ယွမ် (၄၇၀၀)ခန့်သာ  ပေါက်ဈေးရှိသော်လည်း  နို၀င်ဘာ (၁၃) ရက်နေ့တွင်မူ ယွမ် (၆၀၀၀) အထိ အမြင့်ဆုံးစျေးသို့ ရောက်ရှိလာခဲ့သည့်အတွက် ဖရဲဈေးကွက်တွင် ယခုကဲ့သို့ စံချိန်တင် အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက်  မူဆယ် အသီးကွင်းတွင် ဖရဲကားစီးရေ (၂၀၀) ခန့်ရှိနေသော်လည်း ကျင်စန်းကျော့ နယ်စပ်ဂိတ်ပေါက်တွင် Covid-19 ရောဂါစစ်ဆေးမှုများ ပြုလုပ်သည့်အတွက်ကြောင့် ကား အစီးရေ (၃၀) ခန့်သာ ၀င်ရောက် ရောင်းချနိုင်သည် ဖြစ်သည်။

ထိုအချိန်တွင်  တရုတ်ကုန်သည်များမှ  အလုအယက်၀ယ်ယူမှုများစွာ ရှိသည့်အတွက် ယခုကဲ့သို့ အမြင့်ဆုံးစျေးရောက်ရှိလာခြင်း ဖြစ်သည်။သို့သော် တရုတ်နိုင်ငံသို့ ဖရဲကားများ ပိုမိုဝင်ရောက်လာနိုင်ပါက လက်ရှိစျေးနှုန်းမှာ ကျဆင်းသွားနိုင်ကြောင်း ခွာညိုပွဲရုံမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ယခုနှစ်ဖရဲရာသီအစတွင်  မူဆယ် ဈေးကွက်သို့ ဖရဲသီး ၀င်ရောက်မှုနည်းပါးခြင်း၊ မြန်မာတောင်သူများ စိုက်ပျိုးမှု လျော့ကျခြင်းတို့ကြောင့်  နို၀င်ဘာလကုန်လောက်ထိ ဖရဲသီးဈေးတန်းသည်  တည်ငြိမ်နိုင်မည် ဖြစ်သည်။

လက်ရှိအချိန်အတွင်မူ  မူဆယ်-ကျင်စန်းကျော့ ဂိတ်လမ်းပိုင်းတွင် အသီးကားများသည် (၂)ရက်မှ (၃)ရက်အထိ  စောင့်ဆိုင်း၀င်ရောက်နေရခြင်းဖြစ်ပြီး  အသီးကားများ ၀င်ရောက်မှုများပြားလာမည်ဆိုပါက အသီးလက်ဆက်မှု လျော့ကျကာ ဈေးကွက် ကျဆင်းနိုင်ကြောင်း ပွဲရုံများမှ တာ၀န်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

By-Aye Myat

Ref:mrtv,mdn,thefarmer

(၂၀၂၁)တွင် အပြီးသတ်တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ မြေအောက်လမ်းကူး လူသွားဥမင်

Tuesday, 17 November 2020 05:58

ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်း အောက်တွင် တည်ဆောက်လျက်ရှိသည့်  နိုင်ငံတကာအဆင့်မီ စျေးဆိုင်ခန်းများ ပါဝင်မည့် မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းများမှ  မြေအောက်လုပ်ငန်းများသည် (၈၅) ရာခိုင် နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

အဆိုပါ ဥမင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလကုန်တွင် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထားခြင်း ဖြစ်ပြီး 

နိုင်ငံတကာအဆင့်မီ စျေးဆိုင်ခန်းများ ပါဝင်သော မြေအောက် လမ်းကူး လူသွားဥမင် တည်ဆောက်ခြင်းလုပ်ငန်းများကို (၂၀၂၀)  ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် Junction Square ဘက်၌ရှိသည့် အတက် စက်လှေကား မုခ်ဦးတစ်ပေါက်ကို ဆောက်လုပ်လျက်ရှိပြီး  ကျန်ရှိသည့် အပိုင်းများတွင်   အချောသပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည် ဖြစ်သည်။                              

ယင်း မြေအောက်လမ်းကူး လူသွားဥမင်ကို သံကူကွန်ကရစ် အမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မဥမင် အလျားသည် (၄၂၇) ပေ (၂) လက်မ ရှိ၍ ဥမင်အမြင့်မှာ (၁၁) ပေရှိပြီး  ဥမင်ခန်းဖွင့် အကျယ်မှာ   ပေ (၄၀)ခန့်ရှိသည်။ ထို့အပြင် ဥမင်အတွင်း လူသွားလမ်း အကျယ်ကို (၁၉) ပေ၊ (၈) လက်မအထိ ထားရှိပေးမည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ (၆၀၀၀) ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်သည်။

“ ဒီနေရာကို လုပ်ရတဲ့အကြောင်းရင်းက ပညာရေးတက္ကသိုလ် လေ့ကျင့် ရေး အထက်တန်းကျောင်းရှိတယ်။  Junction Square ကို သွားတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေ အတွက်က လမ်းကူးတဲ့နေရာမှာ   အခက်အခဲ ရှိတယ်။  နေ့တိုင်း  ယာဉ်ထိန်းရဲက ရှင်းပေးနေရတော့ ဒါတွေကင်းလွတ် သွားအောင် ကျွန်တော်တို့ လုပ်ပေး တာပါ။ နိုင်ငံတကာ အဆင့်မီလုပ်တဲ့ အခါမှာ အောက်ကလူကူးတံတားမှာ စားသောက်ဆိုင်     အသေးလေးတွေ လုပ်ပေးမှာပါ” ဟု ကမာရွတ်မြို့နယ်ရှိ  ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ပြောကြားသည်။

ဥမင်အတွင်းတွင် အတက်အဆင်း ပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်းသူများအတွက် အသုံးပြုရန် လူ (၈) ယောက်စီး ဓာတ်လှေကား နှစ်စင်းကို ထည့်သွင်းတည်ဆောက်ထားသည်။ထို့အပြင် ဖြတ်သန်း သွားလာသူများအတွက်  အတက်၊ အဆင်း အဆင်ပြေစေရန် ဥမင်လျောစောက်ကို (၃၀) ဒီဂရီ သတ်မှတ်ထားရှိပြီး ဥမင်အတွင်း၌ (၁၀) ပေ ပတ်လည် ဆိုင်ခန်း(၁၅) ခန်း ခန့်လည်းပါ၀င်သည်။

လက်ရှိအချိန်တွင် ယင်းလုပ်ငန်းခွင်ကို  နေ့စဉ်အဆိုင်း သုံးဆိုင်းခွဲကာ     ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ  တာ၀န်ယူပြီး  ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက် ရှိပေသည်။

By-Aye Myat

Ref:myanmaalin,mirror,yangonclean

လူမှုဖူလုံရေး ထောက်ပံ့ကြေး(၄၀)ရာခိုင်နှုန်းအား မရရှိသည့် လုပ်သားများအနေဖြင့် တိုင်ကြားနိုင်မည်

Monday, 16 November 2020 11:32

လူမှုဖူလုံရေးအဖွဲ့ထံမှ  အကျိုးခံစားခွင့်ပြုငွေများကို ထုတ်ပေးထားသည့်အတွက်  ထုတ်ယူရရှိသည့် လုပ်ငန်းရှင်များ အနေဖြင့်  အလုပ်သမားများကို   ပြန်လည်ထုတ်ပေးရမည် ဖြစ်သည့်အတွက် လူမှုဖူလုံရေး ထောက်ပံ့ကြေး  မရရှိသည့် အလုပ်သမားများ  အနေဖြင့် တိုင်ကြားနိုင်သည် ဖြစ်ကြောင်း  လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားထားသည်။

ထိုသို့ တိုင်ကြားနိုင်ရန်အတွက်  တိုင်းဒေသကြီး အသီးသီးရှိ ပြည်နယ်များတွင် လူမှုဖူလုံရေး တိုင်းတာဝန်ခံများ၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များကို အသိပေးကြေညာထားသည့်အတွက်  ထောက်ပံ့ကြေး  ခွင့်ပြုထုတ်ပေးပြီး စာရင်းပါရှိသည့် စက်ရုံများအနေဖြင့် လုပ်သားများကို  အကျိုးခံစားခွင့်ငွေ မပေးပါက တိုင်ကြားနိုင်သည် ဖြစ်သည်။ 

လက်ရှိ နိုဝင်ဘာ (၁၃) ရက်နေ့အထိ  စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၄,၅၂၃) ဌာနရှိ အလုပ်သမားပေါင်း (၆၁၀,၀၀၀) ကျော်ခန့်ကို လူမူဖူလုံရေးအဖွဲ့များမှ  ခွင့်ပြုငွေထုတ်ပေးလျက်  ရှိနေပြီ ဖြစ်သည်။

သို့သော်  လုပ်ငန်းရှင်များ၏ လျှောက်ထားမှု နောက်ကျနေသည့် အခြေအနေများကြောင့် ယခုအချိန်ထိ ဗထာက်ပံ့ကြေး မရရှိသေးသည့် လုပ်သားများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ  လူမှုဖူလုံရေးအဖွဲ့ရုံးများသို့ သွားရောက်မေးမြန်းနိုင်မည် ဖြစ်သည်။

Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေများကြောင့် စက်တင်ဘာ (၂၄) ရက်မှ စတင်ကာ ယာယီပိတ်ခဲ့ရသည့်  စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများ အတွက် အာမခံထည့်ဝင်ငွေ၏ (၄၀) ရာခိုင်နူန်းကို ငွေကြေးအကျိုးခံစားခွင့် အနေဖြင့် ထုတ်ပေးခြင်းဖြစ်သည်။

လူမှုဖူလုံရေးထောက်ပံ့ငွေ (၄၀) ရာခိုင်နှုန်းနှင့် ပက်သက်၍ ဆက်သွယ်ရန် ဖုန်းနံပါတ်များစာရင်းကို အောက်ပါအတိုင်း ကြည့်ရှုနိုင်သည်။

 

bb.jpeg

 

aaa.jpeg